JOSM ဆော့ဖ်ဝဲလ်ကိုစတင်လေ့လာခြင်း

Reviewed 2015-07-12

ယခုသင်ခန်းစာတွင် JOSM ဆော့ဖ်ဝဲလ်ကိုရယူခြင်း၊ ကွန်ပျူတာတွင်အသုံးပြုရန်ထည့်သွင်းခြင်း၊ အပြင်အဆင်များပြောင်းလဲခြင်း၊ မြေပုံတစ်ခုစမ်းသပ်ရေးဆွဲခြင်းနှင့်
ဆော့ဖ်ဝဲလ်အသုံးပြုပုံအခြေခံများကိုလေ့လာကြမည်။ JOSM သည် java အခြေခံဆော့ဖ်ဝဲလ်တခုဖြစ်ပြီး OpenStreetMap ၏မြေပုံတည်းဖြတ်မှုများတွင်အသုံးပြုရန် ရေးသားထားခြင်းဖြစ်သည်။ OSM ၏မိတ်ဆက်သင်ခန်းစာအဖြစ် သင်တို့မြို့၊ ရွာ၏ မြေပုံကိုရေးဆွဲကြည့်ခိုင်းသည်ကို မှတ်မိပါရဲ့လား။ ယခုသင်ခန်းစာ၏အဆုံးသတ်ပိုင်းတွင်လည်း ဒီဂျစ်တယ်နည်းပညာဖြင့် မြေပုံတစ်ခုရေးဆွဲစေမည်ဖြစ်သည်။ သင်ခန်းစာပြီးဆုံးပါက JOSM ဆော့ဖ်ဝဲလ်ကိုအသုံးပြုပြီး မြေပုံတစ်ခုရေးဆွဲခြင်းကို ကောင်းစွာနားလည်နိုင်ရန် ရည်ရွယ်ပါသည်။

JOSM ဆော့ဖ်ဝဲလ်ကိုရယူခြင်း

  • သင့်ထံတွင် JOSM ဆော့ဖ်ဝဲလ်ပါရှိသော CD ခွေ သို့မဟုတ် USB Memory Stick သိုမှီးကိရိယာရှိပါက ယခုအပိုင်းကိုချန်လှပ်ထားခဲ့နိုင်ပါသည်။
  • သို့မဟုတ်ပါက ဆော့ဖ်ဝဲလ်ရယူရန်အတွက် အင်တာနက်ရှာဖွေရေး ဆော့ဖ်ဝဲလ်တစ်မျိုးမျိုးကို အသုံးပြုပြီး ရှာဖွေရန်ဖြစ်သည်။ ဥပမာ … Firefox, Chrome, Opera နှင့် Internet Explorer.
  • ထို့နောက် ဆော့ဖ်ဝဲလ်ရှာဖွေရန်အတွက်
    josm.openstreetmap.de ဟုရိုက်ထည့်ရှာဖွေပါ။
  • “JOSM”ဟုရိုက်ထည့်ပြီး တစ်ဆင့်ချင်းရှာဖွေလျှင်လည်း ရနိုင်ပါသည်။
  • အပေါ်တွင်ပြထားသော အင်တာနက်ချိတ်ဆက်မှုအတိုင်း ရိုက်နှိပ်ရှာဖွေပါက အောက်ပါပုံအတိုင်း မြင်တွေ့ရမည်။

    JOSM website

  • Micorsoft မှထုတ်လုပ်သော Windows ကို သင့်ကွန်ပျူတာ၏ အခြေခံမောင်းနှင်ရေး ဆော့ဖ်ဝဲလ်အဖြစ်အသုံးပြုပါက “Windows Installer” ကိုရွေးချယ်ပါ။

    Windows installer

  • အခြားသော အခြေခံမောင်းနှင်ရေးစနစ်ကိုအသုံးပြုပါက သင်အသုံးပြုသော စနစ်နှင့်ကိုက်ညီသော ချိတ်ဆက်မှုတစ်ခုခုတွင် နှိပ်၍ JOSM ဆော့ဖ်ဝဲလ်ကိုရယူပါ။ ယခုသင်ခန်းစာတွင် Microsoft Windows ကိုအသုံးပြုသူများအတွက် ရည်ရွယ်ဖော်ပြသော်လည်း ဆော့ဖ်ဝဲလ်ထည့်သွင်းရန် ညွှန်ကြားချက်များမှာ အတူတူပင်ဖြစ်သည်။

ဆော့ဖ်ဝဲလ်အသုံးပြုရန်ထည့်သွင်းခြင်း

JOSM ဆော့ဖ်ဝဲလ်မှာ java အခြေခံရေးသားထားခြင်းကြောင့် သင့်ကွန်ပျူတာတွင် java ထည့်သွင်းထားရန်လိုအပ်သည်။ ထည့်သွင်းထားခြင်းမရှိသေးပါက အောက်ပါအတိုင်းရိုက်နှိပ်ရှာဖွေပြီး ရယူနိုင်ပါသည်။ http://www.java.com/en/download/

Apple ကုမ္ပဏီထုတ် Mac ကိုအသုံးပြုသူများတွင်အဆင်ပြေသော java ဗားရှင်းများဖြစ်သည့် OSX 10.6 နှင့် 10.7.3+တို့ကို သိရှိနိုင်ရန်အတွက်http://wiki.openstreetmap.org/wiki/JOSM/Mac#Installationတွင်သွားရောက်ဖတ်ရှုနိုင်သည်။

  • သင့်ကွန်ပျူတာတွင် JOSM ထည့်သွင်းရမည့်ဖိုင်ကိုရှာပြီး mouse နှစ်ချက်နှိပ်ပါ။
  • မေးမြန်းမှုများဖော်ပြပါက ‘OK’ ၊ ‘Next’ ၊ ‘I Agree’ နှင့် ‘Install’ ခလုတ်များကိုရွေးပေးပါ။ ဆော့ဖ်ဝဲလ်ထည့်သွင်းမှုပြီးဆုံးပါက ‘Finish’ ခလုတ်ကိုနှိပ်၍ JOSM ဆော့ဖ်ဝဲလ်ကိုစတင်အသုံးပြုနိုင်ပါသည်။ နောက်ပိုင်းတွင် JOSM ဆော့ဖ်ဝဲလ်ကိုအသုံးပြုရန်အတွက် ကွန်ပျူတာ၏ဘယ်ဘက်အောက်ထောင့်တွင်ရှိသော Start Menu မှ ရှာဖွေဖွင့်လှစ်နိုင်သည်။
  • JOSM ဆော့ဖ်ဝဲလ်ဖွင့်လှစ်ချိန်တွင် ဆော့ဖ်ဝဲလ်အဆင့်မြှင့်ရန်မေးမြန်းမှုကြုံတွေ့မည်ဖြစ်ပြီး “Cancel” ခလုတ်ကိုနှိပ်ပါ။ နောက်တကြိမ်ဖွင့်သောအခါများတွင် ထိုသို့မေးမြန်းမှုမကြုံစေရန်အတွက် “Cancel” ခလုတ်ကိုမနှိပ်မှီတွင် အောက်ခြေနားရှိ အကွက်ငယ်ကိုအမှတ်အသားပြုခဲ့နိုင်ပါသည်။
  • JOSM ဆော့ဖ်ဝဲလ်စတင်အလုပ်လုပ်လျှင် အောက်ပါကဲ့သို့မြင်တွေ့ရမည်။

    JOSM splash page

ဆော့ဖ်ဝဲလ်အတွင်း ရွေးချယ်မှုများ

JOSM ဆော့ဖ်ဝဲလ်တွင် အပြင်အဆင်များကို မိမိစိတ်ကြိုက် ပြင်ဆင်ထားနိုင်သည်။
ယင်းတို့ထဲတွင် ဘာသာစကားရွေးချယ်မှုအပိုင်းလည်း တစ်ခုအပါဝင်ဖြစ်၏။ ဆော့ဖ်ဝဲလ်ကို ဘာသာစကားများစွာဖြင့် သုံးစွဲနိုင်ရန်စီစဉ်ထားပြီး မိမိနှစ်သက်ရာ ဘာသာစကားတစ်မျိုးကို ရွေးချယ်နိုင်သည်။

  • ရွေးချယ်မှုပြုလုပ်ရန်အတွက် Edit ကိုနှိပ်ပါ။ ပြီးလျှင် Preferences ကိုရွေးချယ်ပါ။

    Preferences window

  • ဘယ်ဘက်ရှိအကွက်တွင်ဖော်ပြထားသော ဆေးသုတ်ဘူးနှင့် ဆေးသုတ်တံပုံစံ သင်္ကေတကွက်ကို နှိပ်ပါ။
  • ပေါ်လာသောဖော်ပြချက်များထဲမှ “Look and Feel” ဟုညွှန်းထားသောအကန့်ကို နှိပ်ပါ။
  • “Language” ဟုရေးထားသောစာသားဘေးရှိ အကွက်၏မြားခေါင်းကိုနှိပ်ပြီး အလိုရှိရာ ဘာသာစကားကို ရွေးချယ်ပါ။

    Look and feel

  • ပြီးလျှင် ‘OK’ နှိပ်ပါ။
  • ထို့နောက် “File” ကိုနှိပ်ပြီး ပေါ်လာသောဖော်ပြချက်များထဲမှ “Restart” ကိုရွေးပါ။ ဆော့ဖ်ဝဲလ်ခေတ္တပိတ်ကျသွားပြီး ပြန်လည်ပွင့်လာသောအခါ သင်ရွေးချယ်မှုကို သိမ်းဆည်းပြီးဖြစ်နေလိမ့်မည်။

မြေပုံဆွဲမှု အခြေခံများကိုလေ့လာခြင်း

  • JOSM ဖြင့်မြေပုံရေးဆွဲခြင်းကိုလေ့လာရန်အတွက် နမူနာဖိုင်တစ်ခုကို ဖွင့်လှစ်မည်ဖြစ်သည်။ လေ့ကျင့်ရန်အတွက်သာ ရေးဆွဲထားသောပုံဖြစ်သောကြောင့် နမူနာဖိုင်ကို OpenStreetMap တွင် သွားရောက်သိမ်းဆည်းရန်မလိုပေ။
  • နမူနာဖိုင်ကို ရယူရန်။ sample.osm
  • ပြီးလျှင် JOSM ဆော့ဖ်ဝဲလ်မျက်နှာပြင်၏ဘယ်ဘက်အပေါ်နားတွင်ရှိသော “Open” ခလုတ်ကိုနှိပ်၍ နမူနာဖိုင်ကိုဖွင့်ပါ။

    Open file

  • နမူနာဖိုင်ဖြစ်သော sample.osm ကို သင့်ကွန်ပျူတာတွင်ရှာဖွေပြီး “Open” ကိုနှိပ်ပါ။
  • အောက်ပါပုံအတိုင်း မြင်တွေ့နိုင်ပါသည်။

    Sample file

အခြေခံလုပ်ဆောင်ချက်များ

  • မြေပုံကိုအထက်အောက် ဘေးဘယ်ညာ ရွှေ့လိုပါက mouse ၏ညာဘက်ခလုတ်ကို မြေပုံပေါ်တွင်ဖိနှိပ်လျှက် ရွှေ့ကစားပေးနိုင်သည်။
  • မြင်ကွင်း ချုံ့၊ချဲ့မှု ပြုလုပ်ရန် နည်းလမ်းများစွာရှိသည်။ mouse ၏ဘီးလုံး (scroll wheel) ကို မြေပုံ၏ဘယ်ဘက်အပေါ်နားတွင် ရှိသော အကွာအဝေးပြဘားတန်း
    ကိုလည်း အသုံးပြု နိုင်သည်။

    Scale bar

  • နမူနာမြေပုံကိုကြည့်ပါ။ မြစ်၊ တောအုပ်၊ အဆောက်အဦအချို့၊ လမ်းများနှင့် ဈေးဆိုင် တို့ကဲ့သို့ အမျိုးအစားမတူသော အရာဝတ္ထုများကိုမြင်တွေ့နိုင်သည်။ ယင်းတို့ကို ရွေးချယ်ရန်အတွက် ရွေးလိုသောအရာပေါ်သို့ mouse ၏ဘယ်ဘက်ခလုတ်ကို နှိပ်ပါ။

အမှတ်၊ မျဉ်းကြောင်းနှင့် ပုံသဏ္ဍာန်များ

  • မြေပုံပေါ်ရှိအရာဝတ္ထုအသီးသီးကို နှိပ်ကြည့်ပါက အမျိုးကွဲ ၃ မျိုးဖြစ်ကြောင်း သတိထားမိလိမ့်မည်။ ယင်းတို့ကား အမှတ်၊ မျဉ်းကြောင်း နှင့် ပုံသဏ္ဍာန်များ ဖြစ်သည်။
  • အမှတ်များသည် တည်နေရာတစ်ခုချင်းကိုဖော်ပြပြီး သင်္ကေတများဖြင့်ကိုယ်စားပြုထား၏။ နမူနာမြေပုံတွင် ဖိနပ်ဆိုင်နှင့် စူပါမားကတ် ဟူ၍ အမှတ်နှစ်ခုပါရှိသည်။ ဖိနပ်ဆိုင်ကို ဖိနပ်သင်္ကေတ၊ စူပါမားကတ်ကို ဈေးဝယ်လှည်းသင်္ကေတ စသည်ဖြင့်ခွဲခြားဖော်ပြထား၏။
  • လမ်းများကိုကိုယ်စားပြုသောမျဉ်းကြောင်းများလည်း မြေပုံတွင်ပါရှိသည်။ မျဉ်းကြောင်းများတွင် အမှတ်များပါဝင်ပြီး သီးခြားဖော်ညွှန်းချက်များ ပြဆိုမထားပေ။ သို့သော် လမ်း၏ တည်နေရာကို ဖော်ပြရန်အတွက် အထောက်အပံ့ပြုလျက်ရှိ၏။
  • တောအုပ်၊ မြစ် ၊ ပန်းခြံ နှင့် အဆောက်အဦများအတွက် ပုံသဏ္ဍာန်အမျိုးမျိုးကို အသုံးပြုထားသည်။ ကွင်းပြင်၊ အဆောက်အဦ တို့ကဲ့သို့နေရာများကို ပုံသဏ္ဍာန်များဖြင့် ကိုယ်စားပြုဖော်ပြသည်။ ပုံသဏ္ဍာန်များရေးဆွဲရာတွင် မျဉ်းကြောင်းများသာအသုံးပြုပြီး အစမှတ်နေရာ၌ ပြန်လည်အဆုံးသတ်ခြင်းသာကွာခြားသည်။

အမှတ်၊ မျဉ်းကြောင်းနှင့် ပုံသဏ္ဍာန် ဟူသောအခြေခံအမျိုးအစား ၃ မျိုးသာပါဝင်သဖြင့်
မှတ်ရလွယ်ကူစေသည်။ OpenStreetMap တွင် ဝေါဟာရများသီးသန့်ခေါ်ဝေါ်သုံးစွဲပြီး အမှတ်ကို nodes၊ မျဉ်းကြောင်းများကို ways ၊ ပုံသဏ္ဍာန်ကို closed way ဟုသတ်မှတ်သည်။

  • အရာဝတ္ထုတစ်ခုကိုရွေးချယ်လိုက်ပါက ယင်းနှင့်သက်ဆိုင်သောဖော်ပြချက်များကို မြေပုံ၏ညာဘက်ဘေးအကွက်များတွင် “Properties” ဟူ၍တွေ့မြင်နိုင်သည်။ ယင်းတို့ကို အညွှန်း “tag” ဟုခေါ်သည်။ အရာဝတ္ထုများနှင့်သက်ဆိုင်သော အချက်အလက်များကို အညွှန်းက ဖော်ပြပေးသည်။ အညွှန်း“tag” နှင့်ပတ်သက်သည်များကို နောက်သင်ခန်းစာများတွင် ပိုမိုအသေးစိတ် လေ့လာနိုင်ပါသည်။ ယခုအခန်းတွင် ၄င်း အရာ၀တ္ထုသည် တောအုပ်တစ်ခု၊ မြစ်တစ်ခု၊ အဆောက်အဦတစ်ခု သို့မဟုတ် မည်သည့်အရာ၀တ္ထုတစုံတရာဖြစ်ကြောင်း အကြမ်းဖျဉ်းနားလည်အပ်သည်။
  • မြေပုံကိုလက်ဖြင့်ရေးဆွဲခြင်းနှင့် အမှတ်၊မျဉ်းကြောင်းနှင့်ပုံသဏ္ဍာန်များသုံးကာရေးဆွဲခြင်း တို့ကို စဉ်းစားကြည့်ပါ။ အခြားမည်သည့်အရာများကိုလည်း အမှတ်၊ မျဉ်းကြောင်းနှင့် ပုံသဏ္ဍာန်များဖြင့် အကောင်းဆုံးကိုယ်စားပြုဖော်ပြမည်နည်း။

အရာဝတ္ထုများကိုနေရာရွှေ့ခြင်း

  • မြေပုံ၏ ဘယ်ဘက်ခြမ်းရှိတောအုပ်ကို ရွေးချယ်ပါ။ ရွေးချယ်ရာတွင် တောအုပ်အဖြစ် ဖော်ပြထားသော ပတ်ပတ်လည်မျဉ်းကြောင်းပေါ်သို့ အတိအကျနှိပ်မိရမည်ဖြစ်ပြီး မျဉ်းကြောင်းပေါ်ရှိ အမှတ်များပေါ်မနှိပ်မိအောင် သတိပြုပါ။ ထို့နောက် mouse ၏ ဘယ်ဘက်ခလုတ်ကိုဖိနှိပ်ထားလျှက် လိုရာသို့ရွှေ့ပါ။
  • တောအုပ်ပတ်ပတ်လည်မျဉ်းကြောင်းပေါ်ရှိ အမှတ်တခုပေါ်သို့ နှိပ်ပါ။ ပြီးနောက် mouse ၏ဘယ်ဘက်ခလုတ်ကို ဖိနှိပ်ဆွဲပါ။ အရာဝတ္ထု၏ ပုံသဏ္ဍာန်ကိုပြောင်းလဲရန်အတွက် ယခုနည်းလမ်းကို အသုံးပြုနိုင်သည်။

ပုံဆွဲခြင်း

  • ဆော့ဖ်ဝဲလ်မျက်နှာပြင်၏ ဘယ်ဘက်တွင် ခလုတ်များကို အစဉ်လိုက်မြင်တွေ့နိုင်သည်။ အများစုမှာ မြေပုံအကြောင်းသတင်းအချက်အလက်ပြည့်စုံစွာဖော်ပြရန် အသုံးပြုသည်။ အရေးပါသောခလုတ်များကို ခလုတ်စဉ်၏ အပေါ်ပိုင်းနေရာတွင် သတ်မှတ်ပေးထားသည်။
  • အရာဝတ္ထုများကိုရွေးချယ်ခြင်းနှင့် အသစ်ရေးဆွဲခြင်းတို့ကဲ့သို့ အသုံးများသောခလုတ်များ ကို အပေါ်ဘက်အပိုင်းတွင်ထားရှိသည်။
  • ယခုချိန်တွင် သင်သည်ရွေးချယ်မှုအပိုင်းကိုလုပ်ဆောင်သောခလုတ်ကို အသုံးပြုနေ၏။ ယင်းခလုတ်ပုံကို အောက်တွင်ဖော်ပြထားသည်။

    Select tool

  • မြေပုံမဆွဲမှီတွင် မြေပုံပေါ်ရှိမည်သည့်အရာဝတ္ထုကိုမျှ ရွေးချယ်မထားရန်လိုအပ်သည်။ မြေပုံပေါ်ရှိ အကွက်လွတ်တနေရာရာသို့ နှိပ်ကာ မည်သည့်အရာကိုမှ ရွေးမထားမိရန်လုပ်ဆောင်ပါ။
  • ပြီးနောက် ဒုတိယမြောက်ခလုတ်ဖြစ်သော ပုံဆွဲခလုတ်ကို ရွေးပါ။ အောက်ပုံတွင်ရှု။

    Draw tool

  • မြေပုံတွင်နေရာလွတ်ရှာပြီး mouse ကိုနှစ်ကြိမ်ဆက်နှိပ်ပါ။ အမှတ်တခုကိုရေးဆွဲပေးပါလိမ့်မည်။
  • မျဉ်းကြောင်းဆွဲရန်အတွက် mouse ကိုတကြိမ်သာနှိပ်ပြီး စမှတ်ပေးပါ။ ထို့နောက် လိုရာသို့ ရွှေ့ယူနေစဉ် ကြားမှတ်များကို ချမှတ်နိုင်ပြီး မျဉ်းအဆုံးသတ်လိုပါက mouse ကို နှစ်ကြိမ်ဆက်၍နှိပ်ပါ။
  • ပုံသဏ္ဍာန်များရေးဆွဲရာတွင် မျဉ်းကြောင်းများနည်းတူရေးဆွဲရပြီး စမှတ်နေရာတွင် ပြန်၍အဆုံးသတ်ပေးရမည်။

ကြိုတင်သတ်မှတ်ချက်များထည့်သွင်းခြင်း

  • အမှတ်၊ မျဉ်းကြောင်းများနှင့်ပုံသဏ္ဍာန်များ ရေးဆွဲပြီးပါက ယင်းတို့၏ကိုယ်စားပြုမှုများကို ဖော်ပြပေးရန်လိုသည်။ အမှတ်များကို ဈေးဆိုင်များ၊ ကျောင်းများ စသည် ၊ ပုံသဏ္ဍာန်များကို ကွင်းပြင် ၊အဆောက်အဦများ စသည်ဖြင့်ဖော်ပြနိုင်သည်။
  • ရွေးချယ်မှုအပိုင်းကိုလုပ်ဆောင်သောခလုတ်ကို နှိပ်ပါ။

    Select tool

  • အသစ်ရေးဆွဲလိုက်သော အရာဝတ္ထုတခုကိုရွေးချယ်ပါ။ ဆော့ဖ်ဝဲလ်မျက်နှာပြင်၏ ထိပ်ပိုင်းရှိ menu ဘားတန်းမှ “Presets” ကိုရွေးပါ။ ထို့နောက် တည်နေရာအမျိုးအစားကို ရွေးချယ်ပေးနိုင်ပါသည်။
  • ထိုသို့ရွေးချယ်လိုက်ပါက အချက်အလက်ဖြည့်စွက်ရန်ဆက်လက်လုပ်ဆောင်ရမည်။ နေရာတိုင်းအတွက်ဖြည့်စွက်ရန်မလိုသော်လည်း အရာဝတ္ထု၏အမည်ကဲ့သို့အရေးပါသော အချက်အလက်များကိုဖြည့်စွက်ရန် လိုအပ်သည်။
  • အချက်အလက်များဖြည့်စွက်ပြီးလျှင် “Apply Preset” ကိုနှိပ်ပါ။ သင်ရွေးချယ်သတ်မှတ်မှု အပေါ်မူတည်လျှက် အရောင်နှင့်သင်္ကေတများ ပြောင်းလဲကာ ဖော်ပြမည်ဖြစ်သည်။

ကိုယ်ပိုင်မြေပုံဆွဲခြင်း

  • လေ့လာခဲ့ပြီးသော နည်းနာများကို လေ့ကျင့်ရန်အတွက် ကိုယ်ပိုင်မြေပုံတခုဆွဲကြပါစို့။ စာရွက်ပေါ်တွင်ရေးဆွဲထားသောမြေပုံကို လေ့ကျင့်ရေးဆွဲကြည့်နိုင်သည်။
  • နေရာလွတ်ကျယ်ကျယ် ရသည်အထိ နမူနာမြေပုံကို ဖယ်ရှားရွှေ့ပြောင်းပါ။
  • ပုံဆွဲခလုတ်ကိုအသုံးပြုလျက် အမှတ်၊ မျဉ်းကြောင်း နှင့် ပုံသဏ္ဍာန်များကိုရေးဆွဲပါ။ ထို့နောက် မည်သည့်အရာများဖြစ်သည်ကို သတ်မှတ်ဖော်ပြပေးပါ။
  • အဆင့်အားလုံးပြီးဆုံးပါက နမူနာမြေပုံကဲ့သို့ ကိုယ်ပိုင်မြေပုံတစ်ခု ရရှိမည်ဖြစ်သည်။

အကျဉ်းချုပ်ဖော်ပြချက်

ကောင်းပါပြီ။ JOSM ဆော့ဖ်ဝဲလ်ကို ကွန်ပျူတာတွင်ထည့်သွင်းခြင်းနှင့် မြေပုံရေးဆွဲခြင်းအခြေခံများကို သင့်အနေဖြင့်ကောင်းစွာလေ့လာခဲ့ပြီးပါပြီ။ JOSM အသုံးပြု၍ OSM မြေပုံတည်းဖြတ်ခြင်းအကြောင်းကို နောက်သင်ခန်းစာတွင်ဆက်လက်လေ့လာကြပါမည်။